Monday, March 19, 2012

ပညာနှင့် ပညာတတ်တစ်ယောက်တန်ဖိုး


၁။ ပညာနဲ့ ပတ်သက်တဲ့အမြင် တစ်ခုကို ဘက်တစ်ဘက်က တင်ပြပါမည်။


၂။ ငယ်စဉ်တုန်းကကြားဖူးတဲ့ ပုံပြင်တစ်ပုဒ်ရှိတယ်။ ကျေးလက်က လူငယ်တစ်ယောက် မြို့တက်ပြီး ပညာသင်တယ်။ တက္ကသိုလ်က ဘွဲ့ရပြီး ရွာပြန်လာတယ်။ အားလုံးက ဂုဏ်ယူပျော်ရွှင်ကြလို့။ ရွာဦးကျောင်းက ဆရာတော့်ဆီသွားကန်တော့တယ်။ ဆရာတော်ကလည်း ၀မ်းသာအားရ၊ မင်းတက္ကသိုလ်ကြီးက ဘာပညာတွေ သင်လာခဲ့သလဲ။ တပည့်တော် ဒဿနိကဗေဒ ပညာရပ်နဲ့ ဘွဲ့ရခဲ့ပါတယ် ဘုရား။´အေး…ကောင်းတယ်၊ အတော်ပဲ၊ ငါ့ကျောင်းက တိုင်ကပ်နာရီကြီး ပျက်နေတာ တစ်လလောက်ရှိပြီ။ အဲဒါ ပြင်ပေးခဲ့စမ်းကွာ´လို့ ဆရာတော်က မိန့်တယ်။ ဒီပုံပြင်က အတော်ကြပါပြီ။ ဆက်စဉ်းစားလို့ရပါတယ်။ မြန်မာစာနဲ့ သို့မဟုတ် အင်္ဂလိပ်စာနဲ့၊ သမိုင်းနဲ့ ဘွဲ့ရခဲ့ရင်လည်း နာရီတော့ ပြင်တတ်မယ် မဟုတ်ပေဘူး။

၃။ ဒီနေ့ပိုစ့်မော်ဒန်တွေ ပြောကြဆိုကြ အခေါ်အပြောရှိနေကြတာတွေ အကုန်လုံးနီးပါး ထော်လော်ကန့်လန့်ု တွေပါပဲ။ သူတို့အလိုအရ ပညာဆိုတာ လက်တွေ့အသုံးဝင်ဖို့လိုတယ်။Functional လို့ဆိုကြတယ်။ သိဖို့ထက် အသုံးချဖို့က ပိုအရေးကြီးတယ်။ အသုံးချလို့ရမှ ပညာ။ ပေါ်လစီအရလည်း ကျွမ်းကျင်မှု၊ လေ့ကျင့်သင်ကြားမှု စာတွေကိုအလေးပေးတယ်။ လက်တွေ့ အသုံးချတန်ဖိုးကို ပိုအလေးထားတယ်။ သိရုံသက်သက် Abstract သဘောမဟုတ်တော့ဘူး။ လက်တွေ့ကိစ္စ ပဓာန၊ ပရက္ကမတစ် Pragmatic သဘောပါလာပြီ။ ဒါစဉ်းစားစရာပါ။ ဒါပေမယ့် …..

၎။ ပညာကိစ္စပြောကြရင် …. တရားမျှတမှုရှိတာနဲ့မရှိတာ၊ လွတ်လပ်တာနဲ့ မလွတ်လပ်တာ၊ ငြိမ်းချမ်းတာနဲ့၊ မငြိမ်းချမ်းတာ၊ အခွင့်အရေး ညီတူညီမျှရတာနဲ့ မရတာ။ ဖြူစင်တာနဲ့မဖြူစင်တာ၊ အဲဒီတန်ဖိုးတွေကို အသေအချာကောင်းစွာ သိတာဟာ ပညာပါပဲ။ ကျွန်တော်အဲဒီလို အယူရှိပါတယ်။ ဆက်ပြီးစဉ်းစားရင် ပညာကိစ္စမှာ အပိုင်းနှစ်ပိုင်းရှိပါတယ်။ကတ္တားပိုင်းနဲ့ ကမ္မပိုင်း၊ ပညာကိုသင်ကြား ပို့ချပေးဝေခြင်းဟာ ကတ္တားပိုင်းပါပဲ။ ဆရာတွေပါမယ်။ ပညာရေး အယူအဆ၊ ပညာရေးမူဝါဒ၊ ပညာရှင် အဖွဲ့အစည်းတွေနဲ့ အစိုးရပါဝင်တယ်။ ကမ္မပိုင်း(ကံ) မှာတော့ ပညာခံယူတဲ့ကျောင်းသား လူငယ်တွေပါပဲ။ သူတို့အမြင် ကမ္မပိုင်း(ကံ)မှာ ကျွန်တော်တို့ရဲ့ အနာဂတ်ဆိုတာ ပါနေပါတယ်။ ကလေးသူငယ် ကျောင်းသားကျောင်းသူလူငယ်တွေကိုသာ ပြုစု ပျိုးထောင်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အနာဂတ်ကိုပါ ပြုစုပျိုးထောင်နေကြတာပါ။ အဲဒီလို ကတ္တား ကမ္မ နှစ်ဦးနှစ်ဖက် ပညာကိစ္စကို ဆောင်ရွက်ကြရပါတယ်။ အထက်က စကားစဉ်နဲ့ဆက်ရင် တရားမျှတခြင်း၊ မမျှတခြင်း၊ လွတ်လပ်ခြင်း၊ မလွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ မငြိမ်းချမ်းခြင်း၊ အခွင့်အရေးတူညီမျှရခြင်း၊ မရခြင်း၊ ဖြူစင်ခြင်း၊ မဖြူစင်ခြင်းဆိုတဲ့ တန်ဖိုးတွေကို အသေအချာ ကောင်းစွာသိတဲ့သူက ကလေးသူငယ်များ အပါအ၀င် နိုင်ငံအနာဂတ်ကို အဲဒီတန်ဖိုးတွေ နှုန်းစံတွေကို သိအောင်သင်ကြားပို့ချတာဟာ ပညာရေး ကိစ္စဆောင်ရွက်ခြင်းပါပဲ။

၅။ ပညာရဲ့တရားကိုယ်သဘောက အထက်ကတင်ပြခဲ့တဲ့၊ အဖြူနဲ့အမည်းကို ကောင်းစွာခွဲခြားတတ် ခြင်း၊ ခွဲခြားသိခြင်းပါပဲ။ လူသားရဲ့အမြင့်ဆုံးသောနှုန်းစံ၊ လူဖြစ်ခြင်းရဲ့ အမြင့်ဆုံးသော လက္ခဏာရပ်၊ လူရဲ့အမြင့်ဆုံးသော တန်ဖိုးတွေကိုလည်း ခွဲခြားသိခြင်းလို့လည်း ဆိုနိုင်ပါတယ်။ ဒါပေမယ့် အဲဒါတွေကို သိရုံသက်သက်ဟာ Abstract ဖြစ်တယ်။ ရေပေါ်အရုပ်ပါပဲ။ အဲဒီနှုန်းစံတွေ တန်ဖိုးတွေကို လက်တွေ့ ရယူဖို့တည်ဆောက်ဖို့ အရေးကြီးလှပါတယ်။ ပိုစ့်မော်ဒန်တွေ ဒီနေ့ပြောနေကြတဲ့ Function အသုံး၊ Functional Value အသုံးတန်ဖိုးတို့နဲ့ နှိုင်းချိန်ကြည့်သင့်ပါတယ်။ သဘောအချုပ်ကတော့ တရားမျှတတဲ့ လူအဖွဲ့အစည်း၊ လွတ်လပ်တဲ့လူ့အဖွဲ့အစည်း၊ ငြိမ်းချမ်းတဲ့လူ့အဖွဲ့အစည်း၊ အခွင့်အရေး မှန်သမျှသာ တူညီမျှခံစားခွင့်ရှိကြတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ရာမှာ ပညာက လက်ရင်းပဓာနအဓိကပါဝင်နေတယ်။

၆။ စကားစဉ်ကိုချုပ်ရရင် … ပညာရဲ့တန်ဖိုးဆိုတာ (သို့မဟုတ်) သဘောတူထားပြီးပြောရင် ပညာတတ်တစ်ယောက်ရဲက တန်ဖိုးဆိုတာ၊ သူ့လူ့အဖွဲ့အစည်းကို လူသားတို့ရဲ့ အမြင့်ဆုံးနှုန်းစံ၊ တန်ဖိုးများဖြစ်တဲ့ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ခွင့်တူညီမျှရခြင်း၊ ဖြူစင်ခြင်းတွေနဲ့ ပြည့်စုအောင် တည်ဆောက်ထူထောင်ရာမှာ သူဘယ်လောက်ဘယ်ပုံ ဘယ်နည်း ပါဝင်နိုင်တယ်။ ပါဝင်တယ်ဆိုတဲ့ အပေါ်မှာမူတည်ပါကြောင်း ….. ကျွန်တော်ထိုသို့အယူရှိပါကြောင်း။

No comments:

Post a Comment