Monday, March 19, 2012

ကမ္ဘာ့ဝီစကီ ၅ နိုင်ငံ


ကမ္ဘာ့ဝီစကီ ၅ နိုင်ငံဝီစကီအကြောင်းပါ။ မသောက်ဖူးသော်လည်း မြင်ဖူးကြပါတယ်။ အရက်နဲ့ တစ်ဆက်တည်းမို့ စိတ်ဝင်စားသူတွေ ဖတ်ရအောင် ဖတ်မိတာလေး မျှဝေလိုက်ပါတယ်။ ဝီစကီထုတ်လုပ်တဲ့ အဓိကနိုင်ငံတွေက စကောတလန်၊ အိုင်ယာလန်၊ အမေရိကန်၊ ကနေဒါနဲ့ ဂျပန်နိုင်ငံ စတဲ့ နိုင်ငံ ငါးနိုင်ငံဖြစ်ပါတယ်။ ထုတ်လုပ်တဲ့ နိုင်ငံချင်းမတူသလို အရသာချင်းလည်း ကွဲပြားပါတယ်။

************************************************************************************************************

စကောတလန် ဝီစကီ (Scotch Whisky)(၁)

သစ်ဆွေး၊ သစ်ရွက်ဆွေးနဲ့ လှော်ထားလို့ အနံ့ပိုမွှေးတဲ့၊ ခြောက်သွေ့တဲ့ ဂျုံနဲ့ အချဉ်ဖောက် ပြုလုပ်ထားတာဖြစ်တယ်။ အလွန်ဆုံး ၈နှစ်အထိ ထားရပြီး ၁၅နှစ်မှ အနှစ် ၂ဝ က အရည်အသွေး အကောင်းဆုံးဖြစ်တယ်။ အနှစ် ၂ဝကျော်တဲ့ ဝီစကီဟာ အရည်အသွေး ကျသွားတတ်ပါတယ်။ အရောင်ဟာ အဝါထဲက အနီသမ်းတဲ့ အရောင်ဖြစ်ပြီး အရည်ကြည်လင်ပါတယ်။ အနံ့မှာ မွှေးကြိုင်ပြီး အခိုးနံ့ပါတတ်ပါတယ်။ စကောတလန် ဝီစကီထုတ်လုပ်တဲ့ နေရာတွေက Low land, High Land, Speyside, Lslay နဲ့ the Orkney စတဲ့ ကျွန်းကလေးတွေမှာ ဖြစ်ပါတယ်။

Low land နေရာက clyde မြစ်နဲ့ tay မြစ်အောက်ပိုင်းမှာ ဖြစ်ပြီး အဲဒီနေရာက ဂျုံဝီစကီတွေဟာ ပင်လယ်လေ တိုက်ခိုက်မှု မခံရတဲ့အတွက် မြေဆွေးနံ့နဲ့ ဆားဓာတ်နည်းပါတယ်။ လေညှင်းရဲ့ အတိုက်ခိုက်တာ ခံရတဲ့အတွက် အဲဒီနယ်ကထွက်တဲ့ ဝီစကီဟာ အရသာပိုပြင်းပြီး မွှေးကြိုင်ပါတယ်။

High Land က စကောတလန်ရဲ့ တောင်တန်းနေရာ ဖြစ်ပါတယ်။ လိပ်သည်းကျောက်ကို ဖြတ်ကျော်၊ တောတောင်တွေကို ဖြတ်ကျော်ပြီး စီးဆင်းလာတဲ့ စမ်းရေနဲ့ လုပ်ထားတဲ့ ဝီစကီက လူတွေကို တစ်မျိုးဆွဲဆောင်စေပါတယ်။ သဘာဝစမ်းရေတွေနဲ့ ထုတ်လုပ်ထားတဲ့ ဒီဝီစကီမှာ အခိုးနံ့တစ်မျိုး ဆွဲငြိနေတတ်ပါတယ်။

speyside ဒေသက စကောတလန်ရဲ့ မြေမြင့်ပိုင်းမှာ တည်ရှိပြီး အေးမြကြည်လင်တဲ့ river spey က အဲဒီဒေသကို ဖြတ်စီးပါတယ်။ အထက်က ဝီစကီတွေလိုပဲ ဒီဒေသက ဝီစကီတွေဟာလည်း ပင်လယ်လေ အတိုက်မခံရလို့ ဆားဓာတ်နည်းပါတယ်။ မြေအောက်စမ်းရေကိုပဲ အသုံးပြုပြီး သစ်ဆွေးတွေအစား မီးသွေးမီးနဲ့သာ အသုံးပြုကြတဲ့အတွက် အခိုးနံ့နည်းပါတယ်။

Islay ကျွန်းဟာ လှပတဲ့ ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ လေယာဉ်ကွင်းမရှိခင်တုန်းက ဒီကျွန်းမှာနေထိုင်ကြတဲ့ ကျွန်းသူကျွန်းသားတွေဟာ အပြင်လောကနဲ့ အဆက်အသွက် ပြတ်နေကြတယ်။ လူသူအရောက် နည်းတဲ့အတွက် သဘာဝမြေသြဇာတွေ ပေါများပါတယ်။ ဒီဒေသက သယ်ယူပို့ဆောင်ရ လွယ်ကူအောင် ဝီစကီစက်ရုံကို ပင်လယ်ဘေးမှာ တည်ထားပါတယ်။ သဘာဝ မြေဆီမြေနှစ်၊ ရွံ့ဗွက်အိုင်၊ စမ်းရေတွေက တစ်ခြားဒေသကနဲ့ မတူပါဘူး။ ပုပ်ဆွေးတဲ့ ပန်းမြက်တွေလည်း ပေါများတဲ့အတွက်ကြောင့် သစ်ဆွေးနံ့ သင်းခြင်းက ဒီဒေသထုတ် ဝီစကီရဲ့ အမှတ်တံဆိပ်ဖြစ်ပါတယ်။

the orkney ကျွန်းစုက ရေပေါများပါတယ်။ ဝီစကီစည်တွေကို ပင်လယ်ဘေးမှာ ချထားတဲ့အတွက် ဒီဒေသထုတ် ဝီစကီတွေဟာ ပင်လယ်လေနံ့ သင်းပါတယ်။

************************************************************************************************************

ဂျပန် ဝီစကီ (Japan Whisky)(၂)

ဂျပန်ဝီစကီ အဓိက ထုတ်လုပ်တဲ့ နေရာက Kyoto နဲ့ Osaka ကြားက တောင်တန်းနေရာမှာ ဖြစ်ပါတယ်။ ဝါးတောတွေ ပေါက်ရောက်တဲ့ နေရာဖြစ်ပါတယ်။ ၁၉၂၃ခုနှစ်မှာ “ဂျပန်ဝီစကီကို ထုတ်ချင်တယ်” ဆိုတဲ့ စိတ်ကူးနဲ့ Suntory ကုမ္ပဏီ ထူထောင်သူဟာ အဲဒီတောင်ကြားမှာ ပေါင်းခံစက်ရုံတစ်ခု စတည်ထောင်ခဲ့တယ်။ ဂျုံနဲ့ အဓိကထားလုပ်ပြီး ရလာတဲ့ ပေါင်းခံလို့ ရလာတဲ့ အရက်တွေကို ဝက်သစ်ချ စည်ကြီးထဲ ထည့်သိမ်းထားလိုက်တယ်။ ၁၉၂၉ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ ပထမဆုံး ဝီစကီကို ဈေးကွက်တင်သွင်းနိုင်ခဲ့တယ်။

************************************************************************************************************

အမေရိကန် ဝီစကီ (American Bourbon)(၃)

အစောဆုံး ၁၇ရာစု ကတည်းက သြစတေးလျက ပြောင်းရွေ့လာသူတစ်ချို့ရဲ့ ပေါင်းခံအတတ်နဲ့ စပြီး ချက်လုပ်ခဲ့ပါတယ်။ စစချင်းမှာ ဂျုံနဲ့ အဓိကထား ပြုလုပ်ပြီး ၁၈ရာစု နောက်ပိုင်းမှ ပြောင်းဖူးရောစပ်ခဲ့တယ်။ ပြောင်းဖူးရောထားတဲ့ ဂျုံတွေကို အချဉ်ဖောက်၊ ပေါင်းခံပြီး အတွင်းပိုင်း မီးမြိုက်ထားတဲ့ ဝက်သစ်ချစည်ကြီးထဲ ၄နှစ်မှ ၈နှစ်ကြာ ထည့်သိမ်းထားပါတယ်။ ပုလင်းထဲ မထည့်ခင် သတ်မှတ်ထားတဲ့ ပေါင်းခံရည်ကို ထည့်ပေးတဲ့အတွက် အမေရိကန် ဝီစကီတွေမှာ ဝက်သစ်ချနံ့ သင်းနေတတ်ပါတယ်။ အမေရိကန် အနောက်ပိုင်းက Pennsylvania ပြည်နယ်၊ Kentucky ပြည်နယ်နဲ့ Tennessee ပြည်နယ် က ထုံးဓာတ်ပါ ရေတွေဟာ ဝီစကီလုပ်ရာမှ အရေးပါပါတယ်။ ဒါကြောင့် အမေရိကန် ဝီစကီကို ဒီဒေသတွေမှာ အဓိကထား ပြုလုပ်ကြတယ်။

Bourbon ဝီစကီဟာ အမေရိကန် Kentucky ပြည်နယ် Bourbon မြို့နယ်ကထွက်တဲ့ ဝီစကီဖြစ်တယ်။ အဲဒီဒေသက လူတွေဟာ ၁၆ , ၁၇ ရာစုကတည်းက ပြင်သစ်ကနေ ပြောင်းရွေ့လာကြသူတွေဖြစ်တယ်။ Bourbon ဝီစကီနဲ့ Tennessee ဝီစကီရဲ့ ကွာခြားချက်က Tennessee ဝီစကီဟာ သူ့ဒေသထွက် Sugar Maple သကြားပင်ရဲ့ မီးသွေးနဲ့ ပြုလုပ်ပြီး စည်ထဲမှာ ထည့်ထားပါတယ်။ Bourbon ဝီစကီက ၅၂% ကျော်မှာ ပြောင်းဖူးဖြစ်ပြီး အတွင်းမီးမြိုက်ထားတဲ့ ဝက်သစ်ချစည်ထဲပြီး အချဉ်ဖောက်ပါတယ်။ အချဉ်ဖောက်ရာမှာ အချိန်၂ နှစ် ကြာမြင့်ပါတယ်။ တစ်ခြား အရောင်အဆင်း၊ အနံ့တွေ ထည့်မသုံးရဘဲ အရက်ပြင်းအားက ၄ဝ~၆၂.၅ % ကြားမှာ ရှိရပါတယ်။

************************************************************************************************************

ကနေဒါ ဝီစကီ (Canada Whisky)(၄)

ကနေဒါ ဝီစကီကို ဂျုံကြမ်း၊ ပြောင်းဖူးနဲ့ ဗာလီစပါးတို့ ရောစပ်ပြီး ပြုလုပ်ထားပါတယ်။ ပြောင်းစပါး ဝီစကီဆိုရင် ပိုမှန်ပါလိမ့်မယ်။ ကနေဒါ ဝီစကီတိုင်းဟာ ဆတူရောစပ်ထားတဲ့ ဝီစကီတွေ ဖြစ်ပါတယ်။ အဆင့်ဆင့် ပေါင်းခံနည်းကို အသုံးပြုပါတယ်။ ခရားသဏ္ဍာန်နဲ့ ပေါင်းခံထားတဲ့ Rye Whiskey ဟာ တစ်ခြားအရာ၊ အရောင်တွေနဲ့ ရောစပ်ထားပါတယ်။ အဆင့်ဆင့် ပေါင်းခံတဲ့ ဝီစကီဟာ ပြင်းအားနည်းပြီး အရက်ဖြူ Vodka အဆင့်လောက်ပဲ ရှိပါတယ်။ ဒါကြောင့် ကနေဒါ ဝီစကီကို “ကမ္ဘာ့အပေါ့ဆုံး (ပြင်းအားအနည်းဆုံး) ဝီစကီအဖြစ် သတ်မှတ်ကြတယ်။

ပေါင်းခံထွက်လာတဲ့ ကနေဒါဝီစကီကို အမေရိကန်ဖြစ် အဖြူရောင် ဝက်သစ်ချစည်ထဲ ထည့်ထားရပါတယ်။ ၃ နှစ်ကြာရင် ဈေးကွက်တင်လို့ရပါပြီ။ ကနေဒါ ဝီစကီဟာ အရသာပေါ့တဲ့ အတွက်ကြောင့် တစ်ခြားအချိုရည် ဖျော်ရာမှာ ထည့်သုံးကြပါတယ်။ အရသာပြင်းပြင်း မကြိုက်သူတွေအတွက် သင့်တော်တဲ့ ဝီစကီဖြစ်ပါတယ်။

************************************************************************************************************

အိုင်ယာလန် ဝီစကီ (Irish Whiskey)(၅)

အိုင်ယာလန် ဝီစကီလည်း ကနေဒါ ဝီစကီလိုပဲ ဂျုံ၊ စပါး၊ ဂျုံကြမ်းတွေနဲ့ ပြုလုပ်ထားပါတယ်။ အချဉ်ဖောက်ထားတဲ့ ဂျုံတွေကို ၈ နှစ်မှ ၁၅နှစ်ထိ စည်ထဲ ထည့်သိမ်းထားပြီး ၃ ဆင့်ပေါင်းခံပါတယ်။ ပေါင်းခံရလာတဲ့ အရည်ကို ၃ နှစ်ကြာ စည်ထဲ ထည့်ထားပါသေးတယ်။ ဂျုံစပါးတွေကို လုံးဝ မလှော်တဲ့အတွက် အခိုးနံ့တွေ မရပါဘူး။ အနံ့သိပ်မဆိုးတဲ့အတွက် ဖျော်ရည်နဲ့ တစ်ခြားအရက်ဖျော်ရာမှာ ရောစပ်အသုံးပြုကြပါတယ်။

ဖတ်ဖူးတဲ့ ဝီစကီအကြောင်းက ဒီလောက်ပါပဲ။ သောက်ဖူးလားလို့ မေးလာခဲ့ရင် သောက်ဖူးပါတယ်။ ဝီစကီကို ကိုလာနဲ့ ရောထားတာ သောက်ဖူးပါတယ်။ အရက်ကတော့ ကဇော်လောက်ပဲ သောက်ဖူးပါတယ်။ ဝိုင်ကတော့ ကျန်းမာရေးအတွက် ပိုသောက်ဖြစ်ပါတယ်။

No comments:

Post a Comment